လက်ရှိခေတ်မှာ နည်းပညာတွေ တဖြည်းဖြည်း တိုးတက်လာတာနဲ့ အမျှ ဘောလုံး အားကစားလောကမှာလည်း လိုအပ်တဲ့ ကဏ္ဍအလိုက် နည်းပညာအသုံးချ အဆင့်မြှင့်တင့်မှုတွေ ပြုလုပ်လာကြပြီးတော့ ဘောလုံးအားကစား နည်းပညာ ပိုင်းကလည်း ကစားကွက် ပိုင်း ၊ စီးပွားရေး ပိုင်း နဲ့ ပရိသတ်နဲ့ ထိတွေ့ဆက်ဆံမှု အပိုင်းတွေမှာ ပိုပြီးပါဝင်ပက်သက်လာပါတယ်။
ဘောလုံး အသင်းတွေရဲ့ နည်းပညာပိုင်း အသုံးချမှုတွေထဲမှာ စာရေးသူအနေနဲ့ လီဗာပူး ၊ ရီးရဲမက်ဒရစ် ၊ ဘိုင်ယန် မြူးနစ် ၊ ဒေါ့မွန် နဲ့ ရိုးမား ၊ မန်စီးတီး တို့ရဲ့ Project တွေကို သဘောအကျဆုံး ဖြစ်ပါတယ်။
ဒီနေ့ဆောင်းပါးမှာတော့ လီပါပူး အသင်းနဲ့ ပက်သက်တဲ့ နည်းပညာပိုင်း Project တွေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဆောင်ရွက်ခဲ့တာတွေကို ဖော်ပြပေးချင်ပါတယ်။
စာရေးသူကိုယ်တိုင်က Liverpool အသင်းဖန်ဖြစ်ပြီး FSG ကိုတော့ အသင်းအပေါ် ပေါ့ပျက်ပျက် လုပ်တဲ့ ပုံစံတွေတော့ သဘောမကျပေမဲ့ Management အရည်အသွေးနဲ့ အသင်းရဲ့ နောက်ကွယ်က ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေတော့ သဘောကျပါတယ်။
အသင်းရဲ့ နောက်ကွယ်က သူတွေထဲမှာ Data ပိုင်းဆိုင်ရာနဲ့ အချက်အလက်ပိုင်း ဆိုင်ရာတွေ ၊ နည်းပညာပိုင်း ဆိုင်ရာ Background တွေက သူတွေပါဝင်ပြီးတော့ ဒါကလည်း အသင်းကို နည်းပညာပိုင်း အသုံးပြုမှု နဲ့ tech innovation အပိုင်းတွေမှာ အသင်းကို ရှေ့ကို ပိုမို ရောက်ရှိစေတာလည်း ဖြစ်ပါတယ်။
Laptop Guru လို့ တင်စားခေါ်ဝေါ်ကြတဲ့ Miachel Edward ဆို Business Management and Informatics မေဂျာနဲ့ ဘွဲရထားတဲ့ သူဖြစ်သလို ၊ အပြောင်းအရွှေ့မှာ ဆရာတဆူ ဖြစ်ခဲ့တဲ့ Iam Graham က Cambridge ကနေ Physics PHD , လက်ရှိ Lead Data Scientist ဖြစ်တဲ့ William Spearman က Harvard ကနေ Physics နဲ့ PHD ပြီးထားသူ ဖြစ်ပြီးတော့ လက်ရှိ Technical Director Julian Ward ကတော့ Sports Science Degree နဲ့ ဘွဲ့ကထားသူတွေ ဖြစ်ပါတယ်။
( မှတ်ချက် ။ ။ ဆောင်းပါးနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသော်လည်း အသင်းနောက်ကွယ်က သူတွေရဲ့ ဘွဲ့တွေကို ဖော်ပြခြင်းသည် ဘယ်လို ဘွဲ့ရသူတွေကို ဘောလုံး အသင်းတွေက ခေါ်ယူလေ့ရှိကြလဲ ဆိုတာ သိစေလိုသော အချက်ဖြစ်ပြီး ဘောလုံး စီးပွားရေး နဲ့ ပက်သက်ပြီး Career Goal ရှိတဲ့လူငယ်တွေကို အဓိက မျှဝေလိုခြင်း ဖြစ်သည်။ )
အသင်းရဲ့ နောက်က အရေးပါတဲ့ လူတွေ အကြောင်း ဖော်ပြပြီးရင်တော့ အသင်းရဲ့ နည်းပညာပိုင်း Innovative ဖြစ်မှုတွေနဲ့ အသုံးဝင်မှုတွေ ကို ဖော်ပြပေးပါမယ်။
1။ Data ပိုင်း Management နဲ့ Decision များ။
Data တွေနဲ့ ပက်သက်လာရင် Liverpool အသင်းရဲ့ လုပ်ဆောင်ချက်တွေက အခြားအသင်းတွေထပ် ပိုမိုသာလွန်တဲ့ ဆောင်ရွက်မှုတွေကို ထင်ထင်ရှားရှား ပြုလုပ်လာနိုင်ကြပါတယ်။ ကျွန်တော်တို့ ဘောလုံးပရိသတ်တွေမှာ Data ပိုင်းနဲ့ ပက်သက်လာရင် ဘောလုံးလောကမှာ အသုံးမဝင်ဘူးလို့ ထင်တတ်ကြတဲ့ သူတွေလည်း အများကြီးပါ။ ဘာလို့ အဲ့လို ထင်ကြလဲဆို Data Science က ဘောလုံးလောကမှာ အခြား နယ်ပယ် ( Domain) တွေမှာလို ခန့်မှန်းရ လွယ်ကူမှူမျိုး Prediction power ရှိမနေတာနဲ့ မပြည့်စုံတဲ့ Stats တွေက ကစားသမား တစ်ယောက်ကောင်း မကောင်း ၊ အသင်းတစ်သင်း ကောင်းမကောင်းဆိုတာကို မဖော်ပြနိုင်လို့ပါ။
Data ပိုင်းနဲ့ Computational ပိုင်း ကျွမ်းကျင်မှုက ဘောလုံး အားကစားကို Prediction Power သေချာမပေးနိုင်ပေမဲ့ Management Power နဲ့ Decision Making ပိုင်းမှာ လွယ်ကူ သက်သာမှုမျိုးတွေ တော်တော်လေး ပေးနိုင်ပါတယ်။
အပေါ်မှာ ဖော်ပြခဲ့တဲ့ ဘောလုံးနဲ့ Data Science လိုက်လျောညီထွေ ရှိမနေတဲ့ ပြဿနာကို Liverpool က Research Center က ရာနှုန်းပြည့် ဖြေရှင်းနိုင်ခဲ့တယ်လို့ တော့ ပြောမရပေမဲ့ သဟဇာတ ဖြစ်အောင် တော့ ဒီပြဿနာတွေကို လျော့ချပစ်နိုင်ခဲ့ပြီးတော့ အလုပ်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အားကစားအချက်အလက်ကောက်ခံရေး Company တစ်ခု ဖြစ်တဲ့ Opta က xG ဆိုတာကို 2013 လောက်မှာ မိတ်ဆက်ပြီး နောက်ပိုင်း xG Ideology က တော်တော်လေး အပြောများလာခဲ့ပေမဲ့ တကယ်တမ်း အရေးပါတဲ့ Insight တွေ မပေးနိုင်တာကြောင့် လူတွေ သိပ်တော့ မကြိုက်ကြပါဘူး။
လီပါပူးက Ian Graham က သူ့ရဲ့ ကစားသမား ခေါ်ယူရေး Report တွေ မှာ xG different တွက်ချက်မှု တို့ ၊ Xg နဲ့ အပြင် အခြေအနေ ကွာခြားမှုတို့ကိုပါ ထည့်သွင်း ဖော်ပြနိုင်ခဲ့ပြီးတော့ နည်းပညာပိုင်းအရ အဆင့်မြင့်တဲ့ Model ဆိုတာမျိုးထက် ဘောလုံးအားကစား Domain နဲ့ ကိုက်ညီမှု ရှိနိုင်တဲ့ Mathematical Model တွေကို ပြုလုပ်ပြီး သေချာ အသုံးချ နိုင်ခဲ့ပါတယ်။
( ဒီနေရာမှာ ကျွန်တော် Personal အမြင်နဲ့ ကွန့်ပြီး တက်ယောင်ကားလုပ် ပြောချင်တာက ဘောလုံး အားကစားမှာ Data နဲ့ Prediction Power ကို ပို Develop လုပ်နိုင်ချင်တယ်ဆိုရင် Factor of Luck နဲ့ Unpredictable Factor or Unknown Factor တွေကို Variables အနေနဲ့ Weight ratio (ဇ )တစ်ခု ထည့်ပြီး computing လုပ်မယ်ဆို ပို Efficiency ကောင်းလာနိုင်မယ်လို့ ထင်ပါတယ်။)
လီပါပူး အသင်းရဲ့ Data Science ပိုင်းက ကစားသမားခေါ်ယူရေး နဲ့ Management ပိုင်းတင်မဟုတ်ပဲ အသင်းရဲ့ ကစားကွက် ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာပါ အသုံးတည့်ပါတယ်။
လက်ရှိ Research Centre ရဲ့ Director ဖြစ်သူ William Spearman ရဲ့ Pitch Control Model ကလည်း အသုံးတည့်ပြီးတော့ ဘောလုံးပိုင်ဆိုင်မှုရှိမနေချိန်မှာပြိုင်ဘက်တွေကို လိုချင်သလို ရွေ့လျားစေမဲ့ Passive Football Ideology အတွက်အသုံးဝင်ပါတယ်။
လီပါပူး အသင်းက Data ပိုင်းမှာထူးချွန်အသင်းဆိုပေမယ့် ကစားကွက်ပိုင်း ဆိုင်ရာ အရ အခြားဒေတာ အသုံးချ ကစားကွက်ဖော်ဆောင် တတ်တဲ့ အသင်းတွေလို စက်ရုပ်ဆန်တာမျိုး ( Example – Man City, Bayern) မရှိပဲ လုပ်အားနှုန်း နဲ့ ရုန်းကန်မှုပိုင်း ပိုအသားပေးတဲ့ ကစားဟန်ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Data analytic တွေ အသုံးများတဲ့ အသင်းတွေရဲ့ ကစားကွက်တွေက လုပ်ဆောင်ချက် Stats တွေအပေါ်မှာ အဓိက အခြေခံကျပြီး လီပါပူးရဲ့ Model ကတော့ ပြောင်းရွှေ့လှုပ်ရှားမှု Calculus တွေပေါ်မှာ အခြေခံတာ များပါတယ်။
ဒီဟာက ကစားကွက်ပိုင်းဆိုင်ရာ ပိုကောင်းတာ မကောင်းတာ ကိုဆိုလိုတာ မဟုတ်ဘဲ Model မတူညီမှုနဲ့ ပုံစံဖော်ဆောင်မှု ကွာခြားတာကို ဆိုလိုတာ ဖြစ်ပါတယ်။
Data ပိုင်းဆိုင်ရာ တွက်ချက်မှုတွေနဲ့ ဒီ Model တွေအကြောင်းသေချာ သိချင်ရင်တော့ MIT Sloan Sports Analytics Conference က Paper တွေ ၊ Presentation တွေကို သွားကြည့်လို့ရပါတယ်။ William Spearman ရဲ့ Pitch Control Model ကတော့ YouTube မှာ ရှင်းပြထားတာရှိပါတယ်။
2 Media ပိုင်းဆိုင်ရာ နည်းပညာများ။
မီဒီယာပိုင်းဆိုင်ရာ ဆိုရင်တော့ Social Media Channel တွေနဲ့ Website ၊ Application တွေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။
Platform အစုံ ၊ Channel အစုံမှာ up to date သတင်းတွေကိုဖတ်ရှုနိုင်ပြီးတော့ ပြီးခဲ့တဲ့ 2024 ရာသီနောက်ပိုင်းမှာတော့ Content ဖန်တီးခြင်း အတွက်ကို Wasabi Technology နဲ့ ပူးပေါင်းပြီးတော့ Region အလိုက် Personalization လုပ်ပြီး Content ပြပေးတာမျိုးတွေ ပြုလုပ်ပါတယ်။
ဘောလုံးပွဲ ကြည့်ဖို့ ဆိုရင်တော့ LFC TV ကို ဝယ်ကြည့်ရပြီး ရုပ်သံရိုက်ကူးရေးတွေမှာ 360 Degree ဖမ်းယူနိုင်တဲ့ Intel true View နည်းပညာကို သုံးပြီး အချို့ပွဲတွေမှာတော့ Analytical Facts တွေ ၊ overlay effect တွေနဲ့ Highlights ပြတာတွေကိုသေချာကျကျနနလေး ပြုလုပ်ပြသပေးတတ်ပါတယ်။ ဘောလုံးပွဲ Live Broadcasting နည်းပညာ အကြောင်းတွေကို ” ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်း နှင့်နောက်ကွယ်က နည်းပညာများ ” ဆိုတဲ့ ဆောင်းပါးမှာ အကျယ်တစ်ဝင့် တင်ပေးထားပါတယ်။
Official ဘောလုံး Jersey တွေ , အသင်းနဲ့ ဆိုင်တဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ဝယ်ယူချင်တယ်ဆိုရင်တော့ LFC store platform ကနေ Account ဖွင့်မှာယူနိုင်ပြီး အသင်းရဲ့ နိုင်ငံတကာ Official product ရောင်းဝယ်ရေး ဈေးကွက်ကို E-commerce စနစ်နဲ့ အားကောင်းအောင်စီမံထားပါတယ်။
Monterosa လို့ ခေါ်တဲ့ အားကစား အသင်းတွေ ၊ အားကစားသမားတွေအတွက် ပြုလုပ်ထားတဲ့ Interaction Cloud platform ကို အသုံးပြုပြီး လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ Match Centre ကို တည်ဆောက်ထားပါတယ်။ အဆိုပါ Platform မှာ ဂိုးခန့်မှန်းတာ၊ poll တွေ၊ trivia မေးခွန်းတွေ၊ မဲပေးတာတွေနဲ့ ပွဲစဉ်အလိုက် live commentary စတဲ့ ပရိသတ်တွေအတွက် interactive ဖြစ်တဲ့ အတွေ့အကြုံမျိုးစုံကို ပေးနိုင်ဖို့နဲ့ Fan Engagement နဲ့ Branding အတွက်ကို ပြုလုပ်ထားပါတယ်။
အသင်းရဲ့ တရားဝင် digital transformation partner ကတော့ Orion Innovation ဖြစ်ပြီး digital innovation တွေနဲ့ ပရိသတ်အတွေ့အကြုံကို မြှင့်တင်ဖို့၊ e-commerce ကနေ CRM (Customer Relationship Management) အထိ၊ matchday experience ကနေ analytics အထိ အရာအားလုံးမှာ ဝန်ဆောင်မှုပေးနေပါတယ်။
3 Anfield ကွင်းနဲ့ Stadium Technology
ပထမဆုံး Anfield ကွင်းရဲ့ အဓိက နည်းပညာမြှင့်တင်မှု အနေနဲ့ ပြောရရင်ကတော့ Extreme Networks နဲ့ ပူးပေါင်းပြီး တည်ဆောက်ထားတဲ့ Wi-Fi 6E ကွန်ရက်ပဲ ဖြစ်ပါတယ်။ ဒီ Wi-Fi စနစ်ဟာ ကွင်းတစ်ခုလုံးမှာ မြန်နှုန်းမြင့်ပြီး ယုံကြည်စိတ်ချရပြီး စိတ်တိုင်းကျစေတဲ့ အင်တာနက်ကို ပေးပါတယ်။
ExtremeCloud IQ ကွန်ရက်စီမံခန့်ခွဲမှုစနစ်က ကွင်းဝန်ထမ်းတွေ ၊ အသင်းရဲ့ Network Professional တွေကို Wi-Fi စွမ်းဆောင်ရည်နဲ့ပက်သက်ပြီး စောင့်ကြည့်ထိန်းချုပ်မှု တွေကိုပြုလုပ်နိုင်စေပြီး ချောမွေ့တဲ့ ကွန်ရက်လည်ပတ်မှုကို စနစ်တကျ Monitoring ပြုလုပ်ပေးပါတယ်။
Anfield ကွင်းရဲ့ HVAC (Heating ၊ Ventilation ၊Air Condition ) စနစ်တွေအတွက် တိကျတဲ့ Official Partner ကို တိုက်ရိုက်ဖော်ပြထားတာမျိုး မရှိပေမဲ့၊ အောက်ပါကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။
Service 2 (HVAC) Limited ကုမ္ပဏီက Anfield ဘောလုံးကွင်းမှာရှိတဲ့ ဓာတ်ငွေ့နဲ့ လျှပ်စစ်သုံး မီးဖိုချောင်သုံးပစ္စည်းတွေ (ဥပမာ- Rational ovens, large combi ovens, dishwashers) အားလုံးအတွက် နှစ်စဉ် ပြုပြင်ထိန်းသိမ်းမှု ဝန်ဆောင်မှု (catering service) တွေကို NG Bailey နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးပါတယ်။ Service 2 (HVAC) Limited ဟာ HVAC နယ်ပယ်မှာ နှစ်ပေါင်း ၆၅ နှစ်ကျော် အတွေ့အကြုံရှိတဲ့ ကုမ္ပဏီဖြစ်ပြီး အဲယားကွန်းစနစ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကွင်းထဲက အစားအသောက် ဝန်ဆောင်မှုဧရိယာတွေမှာ လိုအပ်တဲ့ HVAC စနစ်တွေကို သူတို့က ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးနိုင်ပါတယ်။
လီဗာပူးလ်အသင်းကိုယ်တိုင်ကလည်း Air Conditioning and Refrigeration Engineer ရာထူးနေရာတွေ ခေါ်ယူထားတာမျိုးတွေ့ရှိပြီး ဒါက ကွင်းထဲက Air Conditioning ပိုင်းတွေနဲ့ Refrigeration စနစ်တွေရဲ့ ဝန်ဆောင်မှု၊ ပြုပြင်မှုနဲ့ ထိန်းသိမ်းမှုတွေကို အသင်းရဲ့ ကိုယ်ပိုင်အင်ဂျင်နီယာအဖွဲ့ကနေ တာဝန်ယူလုပ်ဆောင်တတ်ပါတယ်။
Anfield ကွင်းမှာ အသုံးပြုထားတဲ့ TV display တွေနဲ့ ပတ်သက်ရင် တော့ Partner လုပ်ငန်းစုတွေ အများအပြား ရှိပါတယ်။
VITEC (အရင်က Eternity) Company ကAnfield ကွင်းအတွက် IP video system ကို ပံ့ပိုးပေးပါတယ်။ ဒါက ကွင်းတစ်ခွင်လုံးမှာရှိတဲ့ ဖန်သားပြင်တွေဆီကို Freeview TV channel တွေ၊ LFC TV channel တွေနဲ့ Digital Signage (ဒစ်ဂျစ်တယ် ဆိုင်းဘုတ်) content တွေကို ပေးပို့ရာမှာ အသုံးပြုပါတယ်။ VITEC ရဲ့ AvediaServer® က IPTV စနစ်ကို ဗဟိုထိန်းချုပ်ပေးပြီး ဗီဒီယို content တွေကို နေရာမှန်၊ အချိန်မှန် ပြသနိုင်အောင် စီမံပေးပါတယ်။
နာမည်ကြီး Electrionic လုပ်ငန်းတစ်ခု ဖြစ်တဲ့ Samsung က Anfield ကွင်းရဲ့ TV display တွေကို အဓိက ပံ့ပိုးပေးတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ Signagelive နဲ့ Exterity (ယခု VITEC) တို့နဲ့ ပူးပေါင်းပြီး Samsung display တွေကို အသုံးပြုထားတာပါ။ ဒီ display တွေက တောက်ပပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်ပါတယ်။
ဖန်သားပြင်အမျိုးအစားပေါင်းစုံ (ဥပမာ- video wall, large format displays) ကို အသုံးပြုထားပါတယ်။
Signagelive ဟာ Anfield ကွင်းရဲ့ Digital Signage Platform Provider ဖြစ်ပါတယ်။ သူတို့ရဲ့ cloud-based solution ကို အသုံးပြုပြီး လီဗာပူးလ်အသင်းဟာ ကွင်းတစ်ခွင်လုံးမှာ ပြသထားတဲ့ ဒစ်ဂျစ်တယ် ဖန်သားပြင်တွေပေါ်မှာ ထိရောက်စွာ content တွေကို ထိန်းချုပ်ပြီး ပြသနိုင်ပါတယ်။ ပွဲစဉ်အချက်အလက်တွေ၊ ကြော်ငြာတွေနဲ့ အခြားအရေးကြီးတဲ့ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲရာမှာ ဝန်ဆောင်မှု ပြုပါတယ်။
Hardy Signs ဟာ Anfield ကွင်းပွဲကြည့်စဥ်မဟုတ်တဲ့ နေရာတွေမှာပါအပါ ၃၂ လုံးသော Digital Screen တွေကို တပ်ဆင်ပေးခဲ့တယ်လို့ သိရပြီး ဒါတွေက ကွင်းတစ်ပတ်လုံးနဲ့ ကလပ်အသင်းအတွင်းမှာ ပရိသတ်တွေကို သတင်းအချက်အလက်ပေးဖို့၊ ကြော်ငြာဖို့နဲ့ ဖျော်ဖြေဖို့အတွက် အသုံးပြုပါတယ်။
TVC ဟာ Liverpool FC ရဲ့ Club Store အတွက် video wall display solutions တွေကို တပ်ဆင်ပေးခဲ့ပါတယ်။ အရည်အသွေးမြင့် ဒစ်ဂျစ်တယ် ဆိုင်းဘုတ်တွေနဲ့ large format display တွေကို အသုံးပြုပြီး Club Store အတွင်းမှာ Fan Experience Quality ကို မြှင့်တင်ပေးပါတယ်။
4 Blockchain နည်းပညာ
Blockchain နည်းပညာဆိုတာကတော့ block တခုနဲ့တစ်ခုကို Chain ပုံစံနဲ့ ဆက်စပ်ထားတဲ့ အင်တာနက်ကွန်ယက် နည်းပညာဖြစ်ပြီးတော့ ဗဟိုမဲ့ချုပ်ကိုင်မှုစနစ် ( Decentralized) စနစ်ကိုအသုံးပြုပါတယ်။
Blockchain နည်းပညာအပေါ်မှာတော့ bitcoin ၊ USTD ၊ Ethereum တို့လို့ cryptocurrency ပြုလုပ်လည်ပတ်မှု ၊ ရောင်းချမှုတွေနဲ့ non fungible token NFT တို့လို နည်းပညာတွေ ဖန်တီး အသုံးပြုကြပါတယ်။
Liverpool ဟာ ၂၀၂၂ ခုနှစ်မှာ “LFC Heroes Club” လို့ခေါ်တဲ့ သူတို့ရဲ့ ပထမဆုံး တရားဝင် NFT Collection ကို Polygon blockchain ပေါ်မှာ ထုတ်ဝေခဲ့ပါတယ်။
ဒီ Collection မှာ ကစားသမား ၂၄ ဦးကို စူပါဟီးရိုးပုံစံနဲ့ သရုပ်ဖော်ထားတဲ့ Digital Artwork တွေ ပါဝင်ပါတယ်။NFT Collection တွေကို Legendary နဲ့ Hero Edition ဆိုပြီးအမျိုးအစား ၂ မျိုးခွဲပြီး ရောင်းချခဲ့ပါတယ်။
Legendary ကတော့ Legend player တွေရဲ့ တစ်ခုတည်းသာရှိတာ ဖြစ်ပြီး (one-of-one) NFT ၂၄ ခုကို လေလံတင်ရောင်းချခဲ့ပါတယ်။
စိတ်ကြိုက်ကစားသမား ရွေးချယ်မှု မပြုလုပ် နိုင်တဲ့ Hero Edition NFT တွေကို $75 နဲ့ ရောင်းချခဲ့ပါတယ်။ ဝယ်ယူသူတွေဟာ ဘယ်ကစားသမားကို ရမလဲဆိုတာ မသိဘဲ ဝယ်ယူရတာကြောင့် ဘောလုံးကတ်အစစ်တွေကို ဖွင့်ရသလိုမျိုး စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပါတယ်။
ဒီ NFT တွေကို ပိုင်ဆိုင်သူတွေဟာ Online Forum တွေ ၊ Fan Experience တွေနဲ့ ၊ virtual hang-out တွေ ၊ Official ကုန်ပစ္စည်းလျှော့စျေးတွေလိုမျိုး အကျိုးခံစားခွင့်တွေ ရရှိခဲ့ပါတယ်။
Liverpool ဟာ blockchain fantasy football game ဖြစ်တဲ့ Sorare နဲ့ ပူးပေါင်းထားပါတယ်။
ဒီပူးပေါင်းမှုအရ ပရိသတ်တွေဟာ Liverpool ကစားသမားတွေရဲ့ ဒစ်ဂျစ်တယ်ကတ်တွေကို NFT အနေနဲ့ ဝယ်ယူပြီး သူတို့ရဲ့ကိုယ်ပိုင် fantasy အသင်းကို တည်ထောင်နိုင်ပါတယ်။
Sorare ဟာ blockchain နည်းပညာကို အသုံးပြုပြီး ဒီဒစ်ဂျစ်တယ်ကတ်တွေကို Digital Asset ပိုင်ဆိုင်မှုအဖြစ် အတည်ပြုပေးပါတယ်။
5 Artificial Intelligence (AI နည်းပညာ)
လက်ရှိခေတ်မှာ AI တွေကို လူ ပြောများနေ သလိုပဲ
Liverpool အသင်းက Content ဖန်တီးမှုနဲ့ ၊ နည်းစနစ်ပိုင်း ဆိုင်ရာ အတွက်ကို အသုံးပြုကြပါတယ်။
Content ဖန်တီးမှုအတွက်တော့ Wasabi Company ရဲ့ နည်းပညာကို အသုံးချထားပြီး User တွေရဲ့ အကြိုက်အလိုက် ၊ Location အလိုက်
၊ Personalized လုပ်ပြီး ပြသပေးပါတယ်။
နောက်ထပ် AI အသုံးချမှုကတော့ ထောင့်ကန်ဘော နည်းစနစ်တွေ ဖြစ်ပြီး Google ရဲ့ Deepmind က သုတေသီနဲ့ ပူးပေါင်းကာ Liverpool ရဲ့ လက်ရှိ Head of Research Department ဖြစ်တဲ့ William Spearman ရဲ့ ဦးဆောင်မှုနဲ့အတူ tactic AI ကို ဖန်တီးခဲ့ပါတယ်။
Google Deepmind ဆိုတာ Gemini တို့ ၊ Notebook LM တို့လို အရမ်းမိုက်တဲ့ AI Model တွေကို ပြုလုပ်ထားတဲ့ အဖွဲ့ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရာသီဝက် ကျော်မှာ လီပါပူးအသင်းရဲ့ Creative ဖြစ်တဲ့ ထောင်ကန်ဘော ပုံစံတွေ မြင်တွေ့ရပါတယ်။ ( ဥပမာ မန်စီးတီး နဲ့ အဝေးကွင်းပွဲက ဆာလာဂိုး)
ဒီအထိဖော်ပြထားတာကတော့ နာမည်ကြီး Liverpool အသင်းရဲ့ နည်းပညာပိုင်း လုပ်ဆောင်မှု အချို့အချက်တွေပဲ ဖြစ်ပြီး အခြားအပိုင်းတွေ အကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးပါမယ်။